Tuesday, June 30, 2009

အ.ထ.က

8 comment
ယူကလစ်နံသင်းနေတဲ့အခန်းလေးမှာ
လေနုအေးလေးတွေတိုက်ခတ်တတ်တယ်။

လူသူကင်းတဲ့ကစားကွင်းလေးမှာ
ဗန်ဒါရွက်တချို့၊တမာရွက်တချို့ မြူးတူးခုန်ပေါက်ကြတယ်

တိတ်ဆိတ်တဲ့ ဓမ္မာရုံလေးမှာ
သစ်အိုပင်ကြီးတို့ ၀တ်ပြုဆုတောင်းတတ်တယ်။

တလူလူလွင့် နေတဲ့ အလံတိုင်အောက်မှာ
လေးစားခြင်းတို့ ရှိတတ်တယ်။

တာဝန်တွေ၊ ၀တ္တရားတွေကို ရေကန်ဖြူဖြူကြီးက သတိပေးတယ်။

ဆာလောင်ခြင်းတွေကို မုန့်ဈေးတန်းလေးက ဖြေသိမ့်ပေးတယ်။

အဆောက်အဦးတိုင်းမှာ
ဂရုဏာ၊အနစ်နာ၊စေတနာတွေလွှမ်းခြုံထားတယ်။

ယဉ်ကျေးလိမ္မာတယ်ဆိုတဲ့တံဆိပ်တပ်ထားတဲ့
သန်ရှင်းစင်ကြယ်တဲ့ အရွယ်နဲ့
စည်းကမ်းသေ၀ပ်ခြင်းကိုမြဲမြဲဝတ်ရင်း
ခေါင်းလောင်းသံတွေကြား ပျော်ရွှင်ခဲ့ရတယ်၊
ရင်ခုန်ခဲ့ရတယ်၊ ကြည်နှူးခဲ့ရတယ်၊

အခွင့်ရှိရင်ပြန်ဝင်ချင်သေးတယ်
ကျောင်းတံခါးကြီးရေ..........



ရေတမာ

Saturday, June 27, 2009

အပယ်ခံ

11 comment
ကျနော်ကအပယ်ခံပါ။ အပယ်ခံဆိုတာအစွန်ပစ်ခံရတာကို ပြောတာမဟုတ်ပါဘူး။ ကျနော်ကို စွန့်ပစ်လိုက်ရင်လည်းကောင်းသား။ အခုတော့ အဲဒီလို ပြတ်ပြတ်သားသားစွန့်ပစ်လိုက်တာလည်းမဟုတ်ဘဲနဲ့ အသုံးမ၀င်သလို ပစ်ပယ်ထားတာခံရတယ်။
လူတွေကတော်တော်နားလည်းရခက်တယ်ဗျာ။ သူတို့တွေ မရေးတတ်၊ မဖတ်တတ်ခင်ကတော့ ကျနော်ကိုသူများနည်းတူ စိတ်ဝင်စားခြင်းခံရပါတယ်ဗျာ။ အဲ..အတန်းတွေကြီးလာလေ ကျနော်ကိုမေ့လာလေပဲ။ အဲ...ပညာတတ်ကြီးဆိုပြီး တက္ကသိုလ်တွေ၊ ကောလိပ်တွေကဘွဲ့ထူး ဂုဏ်ထူးတွေရတဲ့အရွယ်ဆိုရင်တော့ ကျနော်ကိုလုံးဝကိုပစ်ပယ်လိုက်ကြတော့တာပဲ။
တကယ်လို့ကျနော်ဟာ လူတွေအတွက် အသုံးမ၀င်တာမှန်တယ်ဆိုရင် စောစောထဲက လုံဝဖျောက်ဖျက်ပစ်လိုက်ဗျာ။ အေးတာပဲ။ မဟုတ်ဘူးလား၊ အခုတော့ဗျာ ကျနော်ကိုသူများနည်းတူ အခွင့်အရေး မရတာမကျေနပ်ဘူး၊
ကျနော်ကတော့ရှင်းတယ် အသုံးဝင်ရင်သုံး၊ အသုံးမ၀င်ဘူးဆိုရင်လည်း စောစောစီးစီ ဖျောက်ဖျက်ပစ်လိုက်ဗျာ။ နှစ်ဖက်စလုံးအတွက်ကောင်းပါတယ်။ ကျနော်ကိုအဓိပ္ပါယ်ရှိအောင် အသုံးပြုနိုင်တဲ့ လူမတွေ့သေးပါဘူးဗျာ။ ဒါနဲ့များသူတို့ကိုသူတို့ ပညာတတ်ကြီးတွေဆိုပြီး ခေါင်းထောင်နေကြတယ်ဗျာ။ မြင်ပြင်းကပ်တယ်။ ရှိထားတာ၊ သိထားတာကိုအသုံးဝင်အောင်မသုံးတတ်တဲ့လူကိုများ ကျနော်တော့ ပညာရှိလို့ ထင်ပေါင်ဗျာ။
ဘာလုပ်မှာလဲဗျာ အသုံးမ၀င်ပဲ မှတ်ထားတာအလကားနေရင်းဦးနှောက်အလုပ်ရှုပ် တာပဲရှိတယ်။ ရယ်ချင်တယ်ဗျာ သူတို့တွေ ငယ်ငယ်ကဆိုရင်ကျနော်နံမည်ကိုလည်း အများနည်းတူ ရေးဆွဲခြင်း ခံရတယ်ဗျာ။ သူတို့မိဘတွေကလည်းတပြုံးပြုံးနဲ့ ကလေးတွေကလည်း ပျော်နေကြတာပေါ့။ အသက်ကြီးမှ စောစောကပြောတာတွေဖြစ်တော့တာပဲ။ အဲဒီလို စွန့်ပစ်တဲ့ထဲမှာလူကြီးမင်းလည်းပါတယ်ဗျ။ ကျနော်ကို သိသာသိပြီးဘယ်နေရာမှာ သုံးရမှန်းမသိတဲ့ လူတွေ။ လူကြီးမင်းသုံးတတ်ရင်သုံးပြစမ်းပါ။ ဒါမှမဟုတ် လို့မသုံးတတ်ရင်လည်း အလကားနေရင်းမှတ်မထားပါနဲ့ တောင်းပန်ပါတယ်။ တခါထဲ မေ့ပစ်လိုက်ပါ။ အစွန့်ပစ်ခံရတာထက်စာရင်တော်ပါသေးတယ်။
ပြောချင်တာပြောနေတာနဲ့ မေ့နေတာ ကျနော်နာမည်က "ဎ"(ဎ ရင်မှုတ်)ပါ။

(ကိုနိုင့်ပေးစာထဲကပါ။ ကိုနိုင်ကို သတိရလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ကိုနိုင် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပါစေ။)
သတိရခြင်းများစွာဖြင့်
ရေတမာ

Wednesday, June 24, 2009

မော်ဒယ်လ်အသစ်နဲ့လူ

6 comment
ကျနော်ဘလော့ရေးသားခြင်းရဲ့ ရည်ရွှယ်ချက်က မျှဝေဖို့ရယ်၊ ကိုယ့်ဘာသာသတိပေးဖို့ရယ်ဖြစ်ပါတယ်။ အခုတလော စိတ်အေးချမ်းမှုလေးတွေ ပျောက်ဆုံးလို့ ပြန်တည်ငြိမ်အောင် မနည်းကြိုးစားရင်း ဆရာတော်ရဲ့စာအုပ်နဲ့ စိတ်ကိုထိန်းနေရပါတယ်။ သူငယ်ချင်းများလည်း သတိမေ့လျှော့ခဲ့သည်ရှိသော် ပြန်လည်သတိရစေရန်ရည်ရွယ်တင်ပြအပ်ပါသည်။ ဘာသာခြားသူငယ်ချင်းများလည်း ဘာသာတွေကို ခဏဘေးဖယ်ထားပြီး ကိုယ့်ထက်ကြီးတဲ့သူက အတွေ့အကြုံတွေ ပြောပြတယ်လို့ သဘောထားစေချင်ပါတယ်။ ကိုယ့်စိတ်ကိုသိတာ ဘာသာတွေ မလိုဘူးလို့ထင်ပါတယ်။ ဘာသာခြားသူငယ်ချင်းများလည်း အတွေ့အကြုံတစ်ခု (သို့) အသိလေးတစ်ခုလောက် ရနိုင်မယ်လို့ ထင်ပါတယ်။

မော်ဒယ်အသစ်နဲ့လူ(အရှင်ဆန္ဒာဓိက)
အရှင်ဘုရား..
မဂ်ဖိုလ်နိဗ္ဗာန်ကို လိုချင်စိတ်မရှိသေးတဲ့ တပည့်တော်တို့လို လူငယ်တွေအတွက် ဘာကြောင့် တရားအားထုတ်သင့်တယ်၊ဘယ်လို တရားအားထုတ်ရမယ် ဆိုတာကို လူငယ်တွေနဲ့ အနီးစပ်ဆုံးဖြစ်အောင် ညွှန်ကြားပြသပေးတော်မူပါဘုရား။
မောင်သူရနိုင်တင်၊ လှိုင်မြို့နယ်။

ဒကာသူရရေ............
တစ်ခါတုန်းက ကုမ္ပဏီပိုင်ရှင် ဒကာကြီးတစ်ယောက် ဆယ့်လေးငါးနှစ်အရွယ် သူ့သား သူ့တူတွေနဲ့ ဦးဇင်းဆီရောက်လာပြီး.. သူတို့ကို တပည့်တော် တရားအားထုတ်ခိုင်းလို့ မရဘူးဘုရား၊ သူတို့ တရားအားထုတ်ချင်စိတ် ပေါက်လာအောင် သူတို့အရွယ်နဲ့ သင့်တော်တဲ့ တရားဟောကြားချီးမြှင့်တော် မူပါဘုရားလို့လျှောက်ထားပါတယ်။ ကျောင်းသားလူငယ်တွေ အပါအ၀င် လူတိုင်းလူတိုင်းကို နေ့စဉ် တရားအားထုတ်စေချင်တဲ့စိတ် ထက်သန်နေတာမို့ သူတို့ရဲ့ သစ်လွင်တောက်ပတဲ့ အ၀တ်အစား ခေတ်မီဆန်းပြားတဲ့ ဒီဇိုင်းတွေကို ကြည့်ပြီး....တရားအားထုတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုယ် မော်ဒယ်အသစ်လဲတာပါလို့ နှုတ်က ရုတ်တရက်လွှတ်ခနဲ ပြောလိုက်မိသွားပါတယ်။ “ လျှပ်တစ်ပြက်စကား” ဆိုပါတော့။ ကိုယ့်စကားကိုယ် သတိဥာဏ်နဲ့ ကပ်ပြီး စစ်ဆေးကြည့်လိုက်တော့ ဟုတ်နေတာနဲ့ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်လေးတွေနဲ့ ဥပမာပေးပြီး “စိတ်မော်ဒယ်လ်” တရားကို အရှိန်မြှင့် ဟောလိုက်ရပါတယ်။

ကိုယ့်ပတ်ဝန်းကျင်ကို ခဏလောက် စောင်းငဲ့ကြည့်လိုက်ပါ။ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့သူတွေဟာ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ခမ်းနားအောင်နေ့စဉ်နဲ့အမျှ ပြုပြင်ပြောင်းလဲနေကြပါတယ်။ ပိုက်ဆံတတ်နိုင်ရင် တတ်နိုင်သလောက် ကောင်းသထက်ကောင်းတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ လဲလှယ်ပစ်နေကြပါတယ်။
ကိုယ့်မှာ နေစရာတိုက်အိမ်ကောင်းကောင်းရှိပြီးသား“မော်ဒယ်လ် အောက်သွားပြီ” ဆိုပြီး ပုံစံပိုကောင်းတဲ့ မော်ဒယ်လ်အသစ် တိုက်အိမ်တစ်လုံး ပြန်ပြင်ဆောက်လိုက်ပါရော။ မော်ဒယ်လ်အဟောင်း တိုက်အိမ်ကိုတော့ ဖြိုဖျက်ပြီး အဟောင်းဈေးနဲ့ ရသလောက် ရောင်းထုတ်ပစ်လိုက်တာပေါ့။ မော်ဒယ်လ်ဟောင်း(ပုံစံဟောင်း) တိုက်အိမ်မှာနေရတာထက် မော်ဒယ်လ်သစ်(ပုံစံသစ်) တိုက်အိမ်မှာ နေရတာက ပိုပြီးစိတ်ချမ်းသာသွားပါတယ်။ ပိုပြီးသက်တောင့်သက်သာနဲ့ အဆင်ပြေသွားပါတယ်။

ကိုယ့်မှာ စီးစရာ စူပါဆလွန်းရှိပြီးသား၊ ပရာဒိုကပိုကောင်းတယ်ဆိုတော့ ပရာဒိုနဲ့ လဲစီးပြန်တယ်။ စီးလို့ပိုကောင်းသွားတာပေါ့။ ပရာဒိုထက် လင်ခရူဆာကပိုဇိမ်ကျတယ်ဆိုတော့ လင်ခရူဆာနဲ့ လဲစီးပြန်ရော။ ပိုဇိမ်ကျသွားတာပေါ့။ကိုယ်စီးနေတဲ့ လင်ခရူဆာထက် မော်ဒယ်လ်ပိုမြင့်တဲ့လင်ခရူဆာပေါ်လာပြန်တော့ မော်ဒယ်လ်အဟောင်းကို ရောင်းပြီး မော်ဒယ်လ်အသစ်ထက်စီးပြန်တယ်။ မော်ဒယ်လ်သစ်လေ ကားပိုကောင်းလေ ဆိုတော့ ပိုပြီးဇိမ်ကျ ၊ ပိုပြီးစိတ်ချမ်းသာသွားပါတယ်။

ကိုယ့်မှာ ကြည့်စရာ တီဗီ ရှိပြီးသား၊နောက်ပေါ်တဲ့ မော်ဒယ်လ်အသစ်က အသံစနစ်၊ အရုပ်စနစ်ပိုကောင်းတယ် ဆိုတော့ မော်ဒယ်လ်အဟောင်း တီဗီကိုရောင်းပြီး မော်ဒယ်လ်အသစ် တီဗီဝယ်လိုက်တယ်။ ကြည့်ရှုလို့၊ နားထောင်လို့ ပိုကောင်းသွားတာပေါ့။ ပိုစိတ်ချမ်းသာသွားတာပေါ့။

ကိုယ့်ဘက်က ပိုက်ဆံလည်း တတ်နိုင်တယ်၊ အကောင်းနဲ့ ထိုက်တန်လို့အကောင်းလည်း ကြိုက်တယ်ဆိုရင် ဘယ်အသုံးအဆောင်ပစ္စည်းမဆို မော်ဒယ်အသစ်သုံးနိုင်လေ၊ ပိုကောင်းလေပါပဲ။ မော်ဒယ်လ်သစ်လေ၊ အရည်အသွေးပိုကောင်းလေ ဆိုတော့သုံးရတာ ပိုပြီးအဆင်ပြေတာပေါ့။ ပိုပြီး စိတ်ချမ်းသာတာပေါ့။

(မော်ဒယ်လ်အဟောင်းပစ္စည်းက အသစ်ထက်ပိုကောင်းတာမျိုးလည်းရှိနိုင်ပါတယ်။ မဆုံးတဲ့ လောဘနောက်ကို လိုက်ပြီး တင်းတိမ်ရောင့်ရဲခြင်းကိုလျစ်လျှူရှုထားရမယ်လို့လည်း မဆိုလိုပါဘူး။ သူ့အပိုင်းနဲ့သူပေါ့။ ရောထွေးမပစ်ပါနဲ့။ တတ်လည်း တတ်နိုင်၊ ထိုက်လည်းထိုက်တန်တဲ့ ကုသိုလ်ရှင်တွေအတွက်အထူးသီးသန့် ပြောတာပါ။ ဤကား စကားကပ်လိုသူများအတွက် မှတ်ချက်)

အဆင့်အတန်းမြင့်မားမှုကို လိုလားတဲ့ လူသားတွေအနေနဲ့ ရုပ်ဝတ္တုပစ္စည်းဘက်မှာ မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင်ကြိုးစားနေကြသလို ကိုယ့်နှလုံးသားထဲက စိတ်ကိုလည်း မော်ဒယ်လ်သစ်နိုင်သမျှသစ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်ပါတယ်။ တကယ်ဆို ရုပ်မော်ဒယ်လ်သစ်ဖို့ထက် စိတ်မော်ဒယ်လ်သစ်ဖို့က ပိုပြီးတောင်အရေးကြီးပါသေးတယ်။

မနေ့ကလည်းကိုယ့်စိတ်က ဒီမော်ဒယ်လ်၊ ဒီနေ့လည်း ကိုယ့်စိတ်က ဒီမော်ဒယ်လ်ဆိုရင် ကိုယ့်စိတ်ကမော်ဒယ်လ်အဟောင်းကြီးဖြစ်နေပါတယ်။ မနေ့ကစိတ်နဲ့ ဒီနေ့စိတ် အရည်အသွေး တူနေရင် စိတ်မော်ဒယ်လ်ဟောင်းနေတာပါပဲ။ မနေ့က စိတ်ထက် ဒီနေ့စိတ်က အရည်အသွေး ပိုကောင်းရင်တော့ ကိုယ့်စိတ်ဟာ ဒီနေ့အတွက်တော့ မော်ဒယ်လ်အသစ် ဖြစ်သွားပါပြီ။

မနက်ဖြန်စိတ်က ဒီနေ့စိတ်ထက် အရည်အသွေးပိုကောင်းသွားရင် မနက်ဖြန်မှာ ကိုယ့်စိတ် မော်ဒယ်လ်ပိုမြင့်သွားတာပေါ့။နေ့တိုင်းနေ့တိုင်းကိုယ့်စိတ်ကိုမော်ဒယ်လ်သစ်သထက်သစ်၊မြင့်သထက်မြင့်အောင်ကြိုးစားသွားရမှာပါပဲ။ အရေးအကြီးဆုံးကတော့ “ဒီနေ့”ပါ။ လောလောဆယ် ကိုယ်နေနေရတာဒီနေ့ဖြစ်လို့ ဒီနေ့ ကိုယ့်ရဲ့စိတ်မော်ဒယ်လ် သစ်နေဖို့၊ မော်ဒယ်လ်မြင့်နေဖို့ အဓိကပါပဲ။

မနေ့က ကိုယ့်စိတ်မှာ လောဘ တစ်ပိဿာရှိတယ်၊ ဒီနေ့လည်း တစ်ပိဿာပဲဆိုရင် ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းနေပါတယ်။ ဒီနေ့ တစ်ဆယ်သား ထပ်တိုးပြီး တစ်ပိဿာနဲ့တစ်ဆယ်သား ဖြစ်လာတယ်ဆိုရင်တော့ ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းရုံမကဘူး၊ နိမ့်သွားပါပြီ။ မော်ဒယ်လ်အရမ်းအောက်သွားပါပြီ။ ဒီနေ့တစ်ဆယ်သားလျော့သွားပြီး ကိုးဆယ်သားပဲ ကျန်တော့တယ် ဆိုရင်တော့ ကိုယ့်စိတ် မော်ဒယ်လ်သစ်သွားပါပြီ။ မော်ဒယ်လ်မြင့်သွားပါပြီ။ လောဘလျော့လေ၊ မော်ဒယ်လ်သစ်လေပါပဲ။

တခြား ကိလေသာတွေလည်း နည်းတူပါပဲ။ ဒေါသတစ်ချက်ထွက်တိုင်း မော်ဒယ်လ် တစ်ရစ်ဟောင်းသွားပါတယ်။ ဘ၀င်တစ်ချက် မြင့်တိုင်းမော်ဒယ်လ်တစ်ဆင့်နိမ့်သွားပါတယ်။ သူတစ်ပါးရဲ့ အောင်မြင်မှုကို မနာလိုတဲ့ ဣဿာ ဖြစ်တိုင်း၊ကိုယ့်ရဲ့ ပြည့်စုံမှုမျိုး သူတစ်ပါး မရစေချင်တဲ့ မစ္ဆရိယဖြစ်တိုင်း စိတ်ဟာ မော်ဒယ်လ်ဟောင်းဟောင်းသွားပါတယ်။ မော်ဒယ်လ်နိမ့်နိမ့်သွားပါတယ်။

စိတ်ကို ညစ်နွမ်းစေတဲ့သဘော၊ စိတ်ကို ပူလောင်စေတဲ့သဘော၊ စိတ်ကို ပင်ပန်းဆင်းရဲစေတဲ့သဘောကို ကိလေသာလို့ခေါ်ပါတယ်။ အလွယ်ပြောရရင်မကောင်းတဲ့စိတ်၊ ယုတ်မာတဲ့စိတ်၊ ကောက်ကျစ်တဲ့စိတ်၊ အဆင့်အတန်းမရှိတဲ့စိတ်၊ အောက်တန်းကျတဲ့စိတ်ဟာ ကိလေသာပါပဲ။

စိတ်ဟာ ကိလေသာများလေ မော်ဒယ်လ်နိမ့်လေ၊ ကိလေသာပါးလေ မော်ဒယ်လ်မြင့်လေပါပဲ။ ကိလေသာသွင်းလေ မော်ဒယ်လ်ဟောင်းလေ၊ ကိလေသာရှင်းလေ မော်ဒယ်လ်သစ်လေပါပဲ။

မော်ဒယ်လ်နိမ့်တဲ့စိတ်ဆိုတာ အရည်အသွေး နိမ့်ကျတဲ့ စိတ်ကိုပြောတာပါ။ မော်ဒယ်လ်မြင့်တဲ့စိတ်ဆိုတာ အရည်အသွေး မြင့်မားတဲ့စိတ်ကိုပြောတာပါ။စိတ်ဟာ ကိလေသာထူပြောလေ အရည်အသွေးနိမ့်ကျလေ၊ ကိလေသာခေါင်းပါးလေ အရည်အသွေးမြင့်မားလေပါပဲ။ မနေ့ကစိတ်ထက် ဒီနေ့စိတ်က ပိုပြီးကြည်လင်အေးချမ်းနေတယ်။ ပိုပြီး အရည်အသွေးကောင်း တွေပြည့်စုံနေတယ်ဆိုရင် ကိုယ့်စိတ်ဟာ ဒီနေ့ မော်ဒယ်လ်သစ်သွားပါပြီ။

စိတ်ကို မော်ဒယ်လ်သစ်စေ၊ မော်ဒယ်လ်မြင့်စေတဲ့အလုပ်တွေ အများကြီးရှိတဲ့အထဲမှာ တရားအားထုတ်တဲ့အလုပ်ဟာ အထိရောက်ဆုံးနဲ့ အထက်မြက်ဆုံးပါပဲ။ (စာဖတ်ခြင်း၊သူတစ်ပါးကို ကူညီခြင်း ......စတဲ့ အပြုသဘောဆောင်တဲ့ အလုပ်တွေဟာလည်း စိတ်ကိုမော်ဒယ်လ်သစ်စေ၊ မြင့်စေပါတယ်။)
စိတ်တည်ငြိမ်ရုံပဲ စွမ်းနိုင်တဲ့ “သမထ” ကမ္မဋ္ဌာန်းတရားနဲ့ စိတ်တည်ငြိမ်ရုံမက အရှိမှန်ကို အရှိမှန်အတိုင်း ထိုးထွင်းသိမြင်နိုင်တဲ့အထိ စွမ်းနိုင်တဲ့“၀ိပဿာနာ”ကမ္မဋ္ဌာန်းတရားရယ်လို့ ကမ္မဋ္ဌာန်းတရားနှစ်မျိုး ရှိပါတယ်။ သမထတရားအနေနဲ့ ဘုရားဂုဏ်တော်ပွားခြင်း(ဗုဒ္ဓါနုဿတိ)နဲ့ မေတ္တာစိတ်ပွားခြင်း (မေတ္တာဘာဝနာ) အနည်းဆုံးနှစ်ခုတော့ ဗုဒ္ဓဘာသာဝင်တိုင်း အားထုတ်သင့်ပါတယ်။

သီးသန့်ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်းလာရင်းလုပ်ရင်း ကိုင်ရင်းပဲဖြစ်ဖြစ်၊ “အရဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား”၊ “အရဟံ - ကိလေသာအပူကင်းတဲ့အတွက် စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား”၊“အရဟံ ကိလေသာအနောက် အကျုကင်းတဲ့အတွက် စိတ်ကြည်လင်တော်မူသော မြတ်စွာဘုရား”၊ အရဟံ - ကိလေသာ အနှောက်အယှက်ကင်းတဲ့အတွက် စိတ်ရဲ့ အရည်အသွေးတွေ စံချိန်အမြင့်ဆုံး ပြည့်ဝတော်မူသော မြတ်စွာဘုရား” လို့ပါးစပ်ကအသံမထွက်ပဲ စိတ်ထဲကနေ နှလုံးသွင်းဆင်ခြင်နေတာဟာ ဘုရားဂုဏ်တော် ပွားနေတာပါပဲ။

သီးသန့်ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်းလာရင်းလုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် “သတ္တ၀ါအားလုံး ချမ်းသာကြပါစေ၊ လူသားအားလုံး ချမ်းသာကြပါစေ၊ နတ်များအားလုံး ချမ်းသာကြပါစေ၊ ပြိတ္တာအားလုံးချမ်းသာကြပါစေ၊ တိရစ္ဆာန်အားလုံး ချမ်းသာကြပါစေ” လို့ပါးစပ်က အသံမထွက်ပဲ စိတ်ထဲကနေ မေတ္တာစိတ် ပို့လွှတ်နေတာဟာ မေတ္တာဘာဝနာ ပွားနေတာပါပဲ။

ဘာဝနာဆိုတာ စိတ်ရဲ့ အလုပ်ဖြစ်တဲ့အတွက် ရုပ်ဝတ္တု ပစ္စည်းတစ်ခုခုရဲ့ အကူအညီ မလိုအပ်ပါဘူး။ စိတ်သက်သက်နဲ့ ပွားများရုံပါပဲ။ စိတ်စွမ်းအားနည်းသေးရင်တော့ ရုပ်ဝတ္တုအကူအညီ ယူချင်ယူနိုင်ပါတယ်။ စိတ်စွမ်းအား မြင့်လာရင်တော့ စိတ်သက်သက်နဲ့ လုပ်မှ ပိုထိရောက်ပါတယ်။ ပိုအစွမ်းထက်ပါတယ်။

သမထကို “စိတ်တည်ငြိမ်ရုံ” လို့ပြောရတာက အားထုတ်ဆဲ အခိုက်အတန့်ရဲ့ စိတ်စွမ်းရည်သက်သက်ကိုရည်ရွယ်ပြီး ပြောတာပါ။ နောက်ဆက်တွဲအနေနဲ့ကတော့ ဘေးရန်အန္တရာယ် ကင်းရှင်းခြင်း၊ စီးပွားလာဘ်လာဘ ပြည့်စုံခြင်း၊ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ခြင်း စတဲ့ လောကီကောင်းကျိုးတွေလည်း ကာယကံရှင်ရဲ့ အတိတ်ကံနဲ့ ပစ္စုပ္ပန်စွမ်းရည်သတ္တိအားလျော်စွာ ရရှိနိုင်ပါတယ် ။
သီးသန့်ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်းလာရင်းလုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် လောလောဆယ် ထင်ရှားဖြစ်နေတဲ့ ကိုယ်အမူအရာ၊စိတ်အမူအရာကို ထင်ရှားဖြစ်နေတဲ့အတိုင်း ရိုးရိုးလေး သိနေမှတ်နေစောင့်ကြည့်နေတာဟာ “၀ိပဿနာ”တရားပွားများနေတာပါပဲ။ကိုယ်အမူအရာအနေနဲ့ သွားရင် “သွားတယ်”ရပ်ရင် “ရပ်တယ်”၊ ထိုင်ရင် “ထိုင်တယ်”၊ လျောင်းရင် “လျောင်းတယ်” စသည်အားဖြင့်၊ စိတ်အမူအရာအနေနဲ့ လိုချင်ရင် “လိုချင်တယ်”၊ တပ်မက်ရင် “တပ်မက်တယ်”၊ စိတ်ဆိုးရင် “စိတ်ဆိုးတယ်”၊ စိတ်တိုရင် “စိတ်တိုတယ်” စသည်အားဖြင့် အခုလောလောဆယ် ကိုယ့်ကိုယ်၊ ကိုယ့်စိတ်မှာ ထင်ရှားနေတဲ့ သဘောတရားတစ်ခုခုကို အရှိအရှိအတိုင်း “သိ”နေရပါတယ်။

ပထမပိုင်းမှာ “သွားတယ်၊ရပ်တယ်” စတဲ့ စကားလုံးတွေ ပါနေပေမယ့် သိပါ၊ ကြည့်ပါများလာရင်တော့ နောက်ပိုင်းမှာ စကားလုံးတွေပျောက်ပြီးစကားလုံးတွေရဲ့နောက်ကွယ်မှာရှိတဲ့ သဘောတရားတွေကို သိလာပါလိမ့်မယ်။ထင်ရှားသမျှ အာရုံတိုင်းကို မရူမှတ်နိုင်သေးခင်၊ ဒါမှမဟုတ် ရှုမှတ်နိုင်ပေမယ့် အာရုံတစ်ခုတည်း ရှုမှတ်ရင်းနဲ့ပဲ အေးအေးဆေးဆေး နေချင်တဲ့အခါမျိုးတွေမှာတော့ နှာသီးဝလေထိရာအရပ်မှာ စိတ်ကို ကပ်ထားပြီးလေ၀င်ရင် “၀င်တယ်”လေထွက်ရင် “ထွက်တယ်” လို့ရှုမှတ်ရပါမယ်။ လေနောက်စိတ်မလိုက်ဘဲလေထိရာအရပ်ရဲ့ ထိမှုသဘော၊ တိုးမှုသဘော၊ ပူမှုသဘော၊ အေးမှုသဘော၊ တင်းမှုသဘော၊ ရွေ့မှုသဘောတွေကို သေချာကြည့် သေချာသိနေရပါမယ်။

အဲဒီလို စိတ်ကို အတိတ် အနာဂတ်ဆီ ပျံ့လွင့်ခွင့်မပေးဘဲ ပစ္စုပ္ပန်တည့်တည့်မှာ ထားနိုင်မယ်ဆိုရင် အောက်ထစ်ဆုံး အကျိုးတရားအနေနဲ့စိတ်တည်ငြိမ်ခြင်း၊ စိတ်ကြည်လင်ခြင်း၊ စိတ်အေးချမ်းခြင်း၊ စိတ်ခိုင်ခံခြင်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်သတ္တိကောင်းတွေ တိုးပွားလာနိုင်ပါတယ်။ စိတ်ထိန်းချုပ်နိုင်မှုစွမ်းအားကြောင့် ကိုယ်နှုတ်လွန်ကျုးမှုတွေကိုလည်း ထိန်းချုပ်လာနိုင်တဲ့အတွက် ကိုယ့်ကျင့်တရား ကောင်းမွန်လာပါတယ်။ စိတ်ယဉ်ကျေးလာတဲ့အတွက် ကိုယ်လည်းယဉ်ကျေး၊ နှုတ်လည်း ယဉ်ကျေးလာပါတယ်။ အတွေးအခေါ် ထက်မြက်ပြီး ဆုံးဖြတ်ချက် မှန်ကန်လာတဲ့အတွက် လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ဘ၀အောင်မြင်မှုလည်း တိုးတက်လာပါတယ်။

တရားဘာဝနာရဲ့တန်ခိုးကြောင့် စိတ်မော်ဒယ်လ် မြင့်လာတဲ့အတွက် အလုပ်မော်ဒယ်လ်ရော၊ဘ၀ မော်ဒယ်လ်ပါမြင့်လာတာပါပဲ။ စိတ်မြင့်မှ အလုပ်မြင့်ပြီး ဘ၀မြင့်ပါတယ်။ စိတ်နိမ့်ရင် အလုပ်နိမ့်ပြီး ဘ၀နိမ့်မှာပါ။ ကိုယ့်စိတ် မော်ဒယ်လ်သစ်လေ၊ကိုယ့်အလုပ်နဲ့ ကိုယ့်ဘ၀မှာ အသစ်အသစ်အောင်မြင်မှုတွေ တိုးပွားလာလေပါပဲ။ကောင်းမြတ်တဲ့ တိုးတက်မှုတွေနဲ့ စိတ်အသစ်၊ ဘ၀အသစ်ဖြစ်လိုသူတိုင်း ကိုယ့်စိတ် ကိုယ့်ဘ၀ကိုမော်ဒယ်လ်သစ်စေတဲ့တရားဘာဝနာ အလုပ်ကိုနေ့စဉ် နေ့တိုင်း အချိန်မရရအောင်ယူ၊ သတိမရရအောင်အလေ့အကျင့်လုပ်ပြီးအားထုတ်သင့်ပါတယ်။

“တစ်နေ့ထက်တစ်နေ့ ငါ့စိတ် မော်ဒယ်လ်သစ်စေရမည်”လို့ဆုံးဖြတ်ပြီး စိတ်ကို မော်ဒယ်လ်သစ်စေတဲ့ တရားဘာဝနာအလုပ်ကို နေ့စဉ်အားထုတ်သွားမယ် ဆိုရင် စိတ်စွမ်းရည်သာမက အလုပ်အခြေအနေရော၊ ဘ၀အဆင့်အတန်းပါမော်ဒယ်လ်သစ်သွား၊ မော်ဒယ်လ်မြင့်သွားပါလိမ့်မယ်ဒကာ သူရနိုင်တင်ရေ........။

စိတ်မော်ဒယ်လ်နေ့တိုင်းမြင့်ကြပါစေ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

အရှင်ဆန္ဒာဓိက ၏ “နို့နှစ်လုံးဖိုးကျေပါတယ်”စာအုပ်မှထုတ်နုတ်တင်ပြပါသည်။

Tuesday, June 23, 2009

ပရဟိတ စိတ်ဓါတ်

6 comment





လွန်ခဲ့တဲ့ ၇နှစ်လောက်က သင်တန်းလေးတခုမှာ လူတစ်စု ခင်မင်မိခဲ့ကြပါတယ်။ သံယောဇဉ်တွေသိပ်ဖြစ်ကြပြီး အတန်းလေးပြီးဆုံးသွားသည်အထိ မခွဲမခွာအတူရှိခဲ့ကြပါတယ်။ ကွဲကွာသည်တိုင် သံယောဇဉ်မပြတ် ဆက်လက်ခင်မင် မိနေကြရင်း ကိုနိုင်ပြောတဲ့ အမေတွေခွဲမွေးပေးလိုက်တဲ့ မောင်နှမတချို့ပြန်ဆုံကြတဲ့ပွဲလေးပါ။ ကျနော်တို့တတွေ လူမျိုးတွေမတူကြပါဘူး။ ဘာသာတွေမတူကြပါဘူး။ တူညီတဲ့စိတ်ဓါတ်လေးတွေ ရှိကြလို့ အခုထက်ထိတိုင် လက်တွဲတွေ မြဲနေကြဆဲပါ။ ဟိုးအရင်တုန်းက ဘာရယ် မဟုတ် မုန့်ဖိုးလေးတွေ တယောက် ၅၀စီ စုရင်း အလှူဒါနလုပ်ကြပါတယ်။ အခုထက်ထိ အဲဒီအစဉ်အလာမပြတ် ပဒေသာပင်လေးတွေ လုပ်ကြရင်း ကူညီနေကြဆဲပါ။ သူငယ်ချင်းမောင်နှမတွေရဲ့ ပရဟိတ စိတ်ဓါတ်တွေကို လေးစားပါတယ်။ သာဓုလည်းခေါ်ပါတယ်။ ကိုယ်တိုင်ပါဝင်ခဲ့သလို ၀မ်းသာကြည်နှုးရပါတယ်။ သဒ္ဒါမှာ ပညာပါပါလှူဒါန်းတဲ့ အတွက်လည်း ၀မ်းသာရပါတယ်။ နှောင်များလည်း ဒီထက်မက ကူညီနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။

လေးစားလျက်
ရေတမာ

Monday, June 22, 2009

ဘလုဒိသာ

10 comment
ပြန်လာဖို့ တကြော်ကြော်ခေါ်နေတဲ့ မငုံ...
မကိ ရဲ့ စကားလုံးများ...
နာမည် လာအော်နေတဲ့ leo
သူငယ်ချင်းအသစ် khaing
အရမ်းကောင်းတယ်လို့ ပြောတဲ့ ANGEL SHAPER
သဘောကျသွားတဲ့ လင်းကြယ်ဖြူ
ခင်ရတဲ့ မိုးစက်အိမ်
ဘော်ဘော်ကြီး တုနန်
ပျောက်သောသူကို ရှာတွေ့သွားတဲ့ ဒွေး...အဲ မှားလို့ ကိုသားကြီး :P
မာယာတွေကင်းတဲ့ နှင်း
ကျနော်လေးစားတဲ့ ကိုဖိုးချမ်း
သူငယ်ချင်းအသစ် မအနမ်း.....တို့ကို ပြောမပြတတ်လောက်အောင် ကျေးဇူးတင်ပါတယ်...
ကျနော်မရှိတုန်း လာလည်ကြတဲ့ ..ကွန့်မန့်ပေးတဲ့သူ..အော်သွားကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်..
တကယ်ပါ ကျနော်မှာ မရှိတဲ့ ရည်စားထက်ကို ဒီဘလော့လေးကို လွမ်းမိပါတယ်...
ဘာတွေများအော်ကြမလဲလို့ လွမ်းမိပါတယ်......
အိုကေ မုန့်တွေမပါဘူးလားလို့ အော်နေတဲ့ တုနန်နဲ့ မငုံရေ ဘယ်မေ့မှာလဲဗျာ........
ကျွေးချင်တာကတော့...........မျက်ကွင်းညှိသွားတဲ့မုန့်...ခြေထောက်ကို ဘီးရာကြီးထင်သွားတဲ့မုန့်...ခေါင်းကို အာလူးသီးသွားတဲ့မုန့်...မုန့်အရင်းနှီးဆုံးသူစိမ်းတွေ.....အသက်ထက်အမျှအရေးကြီးတဲ့မုန့်......ရဲဖမ်းမယ့်မုန့်.....ရွှေးလို့မရတဲ့မုန့်.. မုန့်အမျိုးသမီးသုံးပစ္စည်း...ပြေးပေါက်မှားမယ့်မုန့် တွေကျွေးချင်ပါတယ်...
ပြတ်တုန်းလက်တုန်း ၂၃ ဖြစ်နေတော့ ရှိတဲ့ ပုဆိုးလေးပေါင်ပြီး စားစေချင်လို့ စီမံထားပါတယ်......
စားကြပါ....အားမနာလို့ စားကြပါ...ကိုယ့်အိမ်မဟုတ်လို့ စားကြပါ.......
ဟဲဟဲ တိတ်တိတ်လေးလာတဲ့ သူငယ်ချင်းတွေလည်း စားသွားကြပါဦး
အနော်ဟာတွေဟုတ်ဘူး fwd mail ထဲက..ဟားဟား (သတိ ကျွတ်ကျွတ်အိတ် ယူဆောင်လာခြင်းသည်းခံပါ)





P.S မျက်ကွင်းညှိသွားတဲ့မုန့်... ထိုးမုန့်
ခြေထောက်ကိုဘီးရာကြီးထင်သွားတဲ့မုန့်...ကြိတ်မုန့်
ခေါင်းကိုအာလူးသီးသွားတဲ့မုန့်...ခေါက်မုန့်
မုန့်အရင်းနှီးဆုံးသူစိမ်းတွေ.....မုန့်လင်မယား
အသက်ထက်အမျှအရေးကြီးတဲ့မုန့်......ရေမုန့်
ရဲဖမ်းမယ့်မုန့်.....ဘိန်းမုန့်
ရွှေးလို့မရတဲ့မုန့်.. မရွေုးမုန့်
မုန့်အမျိုးသမီးသုံးပစ္စည်း...မုန့်လက်ကောက်
ပြေးပေါက်မှားမယ့်မုန့်...မုန့်ပျားသလက်
(ဘလော့ပေါ်မှာ ကျွေးတာမို့လို့ စတုဒိသာ မခေါ်ဘဲ ဘလုဒိသာလို့ နာမည်ပေးလိုက်တယ်
ဒါမှမဟုတ် ဂလုဒိသာ လို့ပေးရင်ကောင်းမလား ဟားဟားဟား)

ပျော်ရွင်ပါစေ
ရေတမာ

Saturday, June 20, 2009

စိတ်အားဖြည့် ဓမ္မကြာပွင့်

4 comment
အဆိုးကံချစ်ရင် အချစ်ကံဆိုးမယ်
အချစ်နဲ့ပတ်သက်ပြီး အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ အတိတ်က ကျူးလွန်ခဲ့လို့ပါ။
“အတိတ်က”ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်လည်း ပါဝင်သလို ယခုဘ၀ရဲ့ ရှေ့ပိုင်းအတိတ်တွေလည်း
ပါဝင်ပါတယ်။ အချစ်ခံခေစေတဲ့ အဓိက အကျဆုံး အဆိုးကံကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊တနည်းအားဖြင့်
အချစ်ရေးဖောက်ပြန်ခြင်းပါပဲ။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက် အပေါ်မှာ သစ္စာမရှိဘဲ တခြားတစ်ယောက်၊ သို့မဟုတ်
တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံကို ထူထောင်နေတာပါ။ အဲဒီကံ

အကျိုးပေးတဲ့ဘ၀ သေချာပေါက် အချစ်ကံခေမှာပါပဲ။
မေတ္တာပေးလေ မေတ္တာရလေ
အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံး အကောင်းကံကတော့ မေတ္တာတရား လက်ကိုင်ထားခြင်းပါပဲ။ သူတစ်ပါးအပေါ်
စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကံအကျိုးပေး ပိုကောင်းလေပါပဲ။
မေတ္တာကြီးလေ၊ အချစ်ကံကောင်းလေပေါ့။

မေတ္တာစိတ်လည်းပွားပါ မေတ္တာအလုပ်လည်းလုပ်ပါ။
မေတ္တာက “ပွားမေတ္တာ”နဲ့ “ထားမေတ္တာ” လို့နှစ်မျိုးရှိပါတယ်။ ကျမ်းမာချမ်းသာပါစေ လို့စိတ်ထဲကနေ၊ ဒါမှမဟုတ်
အသံထုတ်ပြီး မေတ္တာပို့သနေတာကို ပွားမေတ္တာလို့ခေါ်ပါတယ်။ တစ်ဖက်သားရဲ့ ကောင်းကျိုးကို ကာယကံမြောက်
ကိုယ်ထိလက်ရောက် ၀စီကံမြောက် နှုတ်ထိပါးစပ်ရောက် ကူညီဆောင်ရွက်ပေးတဲ့မေတ္တာကို ထားမေတ္တာလို့ခေါ်ပါတယ်။
ထားမေတ္တာရော၊ ပွားမေတ္တာရော နှစ်မျိုးလုံးပြည့်စုံမှ အချစ်ကံကောင်းမှာပါ။

မေတ္တာအပေးမှန်ခဲ့ရင် မေတ္တာအမှန်ပေးကြမှာပါ
တဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ ပေါ်လာမှာပါ။
တဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။ တဖက်သားကို
ထွေးထွေးပိုက်ပိုက်ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ ရှိလာမှာပါ။ တူသော အကျိုးပေးတတ်တဲ့
ကံတရားကို ဘယ်သူများ ဟန့်တားနိုင်တာမှတ်လို့။

ဦးစားပေးချက် အမျိုးမှန်မှ ထူးခြားလေးနက် အကျိုးသန်မယ်
သမာဓိရှိတဲ့သူဟာ အခြေအနေ၊ အချိန်အခါကို တွက်ချက်ပြီး“လောလောဆယ် ကိုယ်အလုပ်သင့်ဆုံးအလုပ်ဟာ ဘာလဲ”
ဆိုတာကို တိတိကျကျ ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ အပိုအလုပ်တွေနဲ့ လုံးဝအချိန်ဖြူန်းလေ့မရှိသလို လုပ်သင့်တဲ့ အလုပ်တိုင်း
ကိုလည်း စုပြုံလုပ်လေ့ မရှိပါဘူး။ ဦးစားပေးအလုပ်နဲ့ ဆိုင်းငံ့အလုပ်ကို ခွဲခြားနားလည်တဲ့အတွက် အလုပ်ရဲ့
အရည်အသွေးနဲ့ အလုပ်ရဲ့စံချိန်ကို ထူးထူးခြားခြား အရာထင်အောင် မြှင့်တင်နိုင်ပါတယ်။

မေတ္တာနဲ့ လုပ်သမျှအနှစ်ပါတဲ့ အထုပ်လှတွေချည်းပါပဲ
ဘယ်အသက်မွေးဝမ်းကျောင်း အလုပ်ပဲလုပ်လုပ် အရည်အသွေးကောင်းဖို့ အဓိက ဆိုတဲ့ စိတ်ဓါတ်နဲ့ ကိုယ့်အမြတ်အစွန်းကို
အဓိကမထားဘဲ အားပေးသူရဲ့ စိတ်ကျေနပ်မှုကို အဓိကထားမယ်ဆိုရင် လုပ်ငန်းသဘောအရ မလွှဲမရှောင်သာ
တန်ရာတန်ကြေး ယူရပေမယ့် မေတ္တာစေတနာတွေ အခမဲ့ပေးနေတာဖြစ်လို့ ပရဟိတ အလုပ် လုပ်နေတာပါပဲ။ ကိုယ့်ရဲ့
အတ္တဟိတအလုပ်ကို လုပ်ရင်းမေတ္တာစေတနာကြောင့် အလိုအလျောက်ပရဟိတ ဖြစ်သွားတာမို့ အလိုအလျောက်ပရဟိတ
လို့ခေါ်ပါတယ်။

အစွမ်းအစကို အစွမ်းအဆုံးထိရောက်ပါစေ
ပင်ကိုအစွမ်းအစ ဘယ်လောက်ရှိရှိ၊ ၀ီရိယမရှိရင် အရည်အသွေးကောင်းတွေ ရလာဒ်ကောင်းတွေ လုံးဝ ပေါ်ထွက်မလာနိုင်
တဲ့အပြင် နဂိုရှိပြီးသား အစွမ်းအစတောင် အညွန်တုံးသွားနိုင်ပါတယ်။ ၀ီရိယမပါရင် အစွမ်းအစဟာ အစွမ်းအဆုံးထိ
မရောက်ဘဲ အစွမ်းအစ သို့မဟုတ် အစွမ်းအလယ်မှာပဲ ရပ်တန့်ပြီးဆုံးသွားပါလိမ့်မယ်။

ပညာတတ်၊ ပညာရှင်၊ပညာရှိ
မှတ်သားပညာရော၊ စဉ်းစားပညာရော၊ ရှုပွားပညာရော ပညာသုံးမျိုးလုံးရှိမှ ထိပ်တန်းပညာရှိ ဖြစ်နိုင်ပါတယ်။
ထိပ်တန်းအဆင့် အထိ မစွမ်းဆောင်နိုင်ရင်လည်း သာမာန်ပညာရှိတစ်ယောက်အနေနဲ့ မှတ်သားပညာနဲ့
စဉ်းစားပညာကတော့ ရှိကိုရှိရပါမယ်။ မှတ်သားပညာသာရှိပြီး စဉ်းစားပညာ မရှိတဲ့သူကို ပညာရှိလို့ မခေါ်ပါဘူး။
ပညာတတ်လို့ပဲ ခေါ်ပါတယ်။ မှတ်သားပညာနဲ့ စဉ်းစားပညာ ရှိတဲ့သူကိုတော့ ပညာရှင်သန်အောင် လုပ်နိုင်သူမို့ ပညာရှင်လို့
ခေါ်ပါတယ်။ မှတ်သားပညာ၊ စဉ်းစားပညာ ရှုပွားပညာ သို့မဟုတ် လက်တွေ့ပညာ ပညာသုံးမျိုးလုံး ရှိသူကိုမှ ပညာရှိလို့
ခေါ်ပါတယ်။ တကယ့်ပညာရှိအစစ်ပါ။

ကိုယ်ချင်းစာ ဘ၀အသိလှမှ အလိုကင်းကာ ပရဟိတလုပ်နိုင်သည်။
နောက်ဆုံးတော့ ပရဟိတစိတ်ဓါတ်ဆိုတာ ကိုယ်ချင်းစာစိတ်ပါပဲ။ ကိုယ်ချင်းစာစိတ်ရှိမှ ပရဟိတစိတ်ဓါတ် ရှိနိုင်ပါတယ်။
ကိုယ်ချင်းစာစိတ် မရှိရင် ပရဟိတစိတ်ဓါတ် မရှိနိုင်ပါဘူး။ ကိုယ့်မှာ ကိုယ်ချင်းစာစိတ် ဘယ်လောက်ရှိသလဲဆိုတာ
သိချင်ရင် ကိုယ့်မှာ ပရဟိတလုပ်ချင်စိတ် ဘယ်လောက်ရှိသလဲ။ ပရဟိတအလုပ်တွေကို ကိုယ်ဘယ်လောက်လုပ်နေသလဲ
ဆိုတာနဲ့ တိုင်းတာကြည့်နိုင်ပါတယ်။

အရှင်ဆန္ဒာဓိက ၏စိတ်အားဖြည့်ဓမ္မကြာပွင့် စာအုပ်မှ ကူးယူဖော်ပြပါသည်။

Wednesday, June 17, 2009

မသေခင်ဖြည့်ဆည်းရမည့်ဘ၀အရည်အသွေးများ

1 comment
မြတ်စွာဘုရားရှင်က “မသေခင်သုတ္တန်”လို့ အဓိပ္ပါယ်ရတဲ့ “ပုရာဘေဒ သုတ္တန်”မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘ၀အရည်အသွေးတွေကို တစ်စု တစ်ဝေးတည်း ဟောကြားထားပါတယ်။ မြင့်မြတ်တဲ့လူတိုင်းနဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့်စိတ်ဓါတ်အရည်အသွေး၊ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီးပြောပြချင်ပါတယ်။

မသေခင်မှာတဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက်ပြန်တဲ့တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်း၊ဖြစ်မလာသေးတဲ့ အနာဂါတ်အကြောင်းတွေကို မလိုအပ်ပဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ပစ္စုပ္ပန်တစ်ခဏလေးမှာပဲစိတ်ကိုတည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင်တိမ်းရှောင်နိုင်ရပါမယ်။ ထစ်ခနဲရှိ ဒေါသထွက်တာမျိုး၊ ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့ ကြိုးစားတာမျိုးမလုပ်သင့်ပါဘူး။
သူလည်း တစ်နေ့သေ၊ ကိုယ်လည်းတစ်နေ့သေမယ့်ကိစ္စ ၊ဘာလို့ ဒေါသထွက်နေဦးမှာလဲ။

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်းမဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မှုတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ်၊ မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ဂုဏ်ပြိုင်တတ်တာမျိုးလည်းရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာလှည့်ကြွားနေရတဲ့ အရသာက သေရင်ကိုယ့်
အတွက် ဘာများ အကျိုးပြုနိုင်မှာမို့လဲ။

လုပ်သင့်တာမလုပ်မိလေခြင်း၊ မလုပ်သင့်တာ လုပ်မိလေခြင်းလို့ နောင်တရ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာ လုပ်၊မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

နှုတ်စောင့်စည်းသူ၊ စကားကိုဉာဏ်နဲ့ ချင့်ချိန်ပြောသူလည်းဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ပါးစပ်ကလည်း ကျက်သရေရှိမလာနိုင်သလို၊ မသေခင်ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု
အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်။

ကိုယ့်ရဲ့လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့အနာဂတ်ဘ၀ကို ပုံဖော်တပ်မက်နေတာမျိုးလည်း လုံးဝမဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ်လက်ခံပြီးနေတတ်အောင် နေရပါမယ်။ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ဖြစ်တည်ရာဘ၀တွေကိုလည်းစိတ်နာနေလို့အပိုပါပဲ။

ကံ၊ကံရဲ့အကျိုးမရှိ၊ရှေးဘ၀၊နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိတွေလည်း ကင်းရှင်းနေရပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်းမှားပြီး ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါ ဆင်းရဲဒုက္ခတွေပင်လယ်ဝေရပါလိမ့်မယ်။

ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာတွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်တာမျိုး လုံးဝမပြုလုပ်ရပါဘူး။ အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာဖန်တီးပြပြီး နာမည်ကြီး၊လာဘ်ပေါ၊ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့မသေခင်ဘ၀ကို အမည်းရောင်ဆိုးနေတာပါပဲ။

လူသားတွေရဲ့ မသေခင်ဘ၀ကိုအရုပ်ဆိုးအကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု(ဣဿာ၊မစ္ဆရိယ)ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ်လွှမ်းမိုးနေတဲ့သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်ပါပဲ။

ကိုယ်အပြုအမူကြမ်းတမ်းသူ၊ နှုတ်အပြောအဆိုကြမ်းတမ်းသူ၊စိတ်နေသဘောထားကြမ်းတမ်းသူမဖြစ်စေရပါဘူး။

ကိုယ့်ကျင့်တရား မကောင်းသူ(သီလမရှိသူ) ကိုပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရားပျက်သူ မဖြစ်ပါစေနဲ့။

ချစ်ခင်နေသူအချင်းချင်း၊ အဆင်ပြေနေသူအချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ၊ ခင်ကြ အဆင်ပြေနေကြတာကို မနာလိုဝန်တိဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့သူလောက် ကျက်သရေယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်လို့ခေါ်တဲ့တံခါးခြောက်ပေါက်ကနေအဆင်း၊အသံ၊အနံ့၊အရသာ၊အထိအတွေ့၊
သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာရေအလျဉ်တွေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။ မြင်-မြင်ကမျှ၊ ကြား-ကြားကာမျှနဲ့ပြီးအောင်သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့သူလည်းမဖြစ်စေရပါဘူး။ မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း ရုပ်ရည် ပညာ၊အာဏာ၊ သူများထက်သာတယ်လို့ထင်နေတဲ့ “အထင်” ကြီး
နေတာပါ။ အထင်ဟာ အထင်ပါပဲ။ တကယ်မဟုတ်ပါဘူး။

မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာကြီးမာသူဖြစ်အောင်ကြိုးစားနေရပါမယ်။ လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုးနပ်ပါတယ်။

ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့သူလည်းမဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာမှန်သမျှ သူတစ်ပါးပါးစပ်မှာ လမ်းဆုံး၊သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့
မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်။

ဒါန၊သီလ၊သမထ၊၀ိပဿနာ ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမူရေးလာဘ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမှု၊ စီးပွားရာထူးတိုးတက်မှု၊ သံသ
ရာကောင်းစားမှုတွေကို လုံးဝမမျှော်ကိုးဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့စိတ်၊ သတ္တ၀ါအများ ကောင်းစားစေလိုတဲ့စိတ်နဲ့ပြုလုပ်ကြရပါမယ်။

အကောင်း၊ အဆိုးလောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါမှာလည်း စိတ်မတက်၊စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်။

သက်ရှိ၊သက်မဲ့တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။ တဏှာတစ်ခုခုရဲ့နောက်မှာ ဆင့်ပွားအကုသိုလ်စိတ်တွေ၊ မကောင်းမှုဒုစရိုက်
တွေ တွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့်ပုထုဇဉ်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။

အစားအသောက်နဲ့ပက်သက်ပြီးတော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရပါမယ်။ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်။

ကိုယ့်အပြုအမူဖြစ်သမျှ၊ စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ် ရှုမှတ်နိုင်တဲ့အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုးအမျိုးမျိုးကို မချစ်၊မမုန်းဘဲဥပေက္ခာပြုအညီအမျှ ရှုနိုင်တဲ့သူဖြစ်ရပါမယ်။

ကိုယ့်အထက်လူနဲ့ နှိုင်းယှဉ်တဲ့မာန၊ ကိုယ့်တန်းတူလူနဲ့ နှိုင်းယှဉ်တဲ့မာန၊ ကိုယ့်အောက်တန်းလူနဲ့ နှိုင်းယှဉ်တဲ့မာန၊ မာနသုံးမျိုးလုံးလည်း ကင်းရှင်းရပါမယ်။သေပြီးရင် အသက်ကောင်၊၀ိညာဉ်ကောင်လေး နောက်ဘ၀လိုက်တယ် ဆိုတဲ့ သဿတဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါးရှိနေရင် မသေခင်လုပ်ရမယ့် အလုပ်တွေ ကမောက်ကမဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊အိမ်မြေစတဲ့ သက်မဲ့ အရာဝတ္တုတွေကို ငါ့သား၊ ငါ့သမီး၊ငါ့အိမ်၊ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့စိတ်မျိုး ကင်းရှင်းရပါမယ်။


ဘာအလုပ်ပဲလုပ်လုပ် ကိလေသာကိုရှေ့တန်းတင်တဲ့အလုပ်၊ ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုး မဖြစ်အောင်သတိထားရပါမယ်။

ကိလေသာအရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲ လာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရမယ်။

“တစ်လောကလုံး ကိုယ်ပိုင်တာ ဘာမှမရှိပါ့လား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။အဲဒီအသိစွဲစွဲမြဲမြဲရှိနေပြီ ဆိုရင် ရှိချင်တာမရှိလိုလည်း မပူပန်တော့ပါဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ပါဘူး။

ချစ်ခြင်း၊မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့်မလုပ်ထိုက် လုပ်တဲ့ အဂတိလိုက်စားမှုလည်း ကင်းရှင်းရပါမယ်။အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ်၊လုပ်သင့် လုပ်ထိုက်တာမလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာခေါင်းပါးလာတာနဲ့အမျှ အလုပ်သင့် မလုပ်ထိုက်
တာတွေလည်းရှောင်ကြည်နိုင်လာပါလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ဆောင်ငင်နိုင်လာပါလိမ့်မယ်။

မလုပ်သင့်တာအားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အပြီးတိုင်လွတ်မြောက်ပါပြီ။
ထပ်တလဲလဲ တစ်သေတည်းသေနေရတဲ့အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရလွတ်မြောက်ပါပြီ။အနှိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

ဒါကြောင့်မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ်၊ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ။

အရှင်ဆန္ဒာဓိက ၏ “မသေခင်ဘာလုပ်ကြမလဲ” စာအုပ်မှထုတ်နုတ်တင်ပြပါသည်။

(ဤစာအုပ်ကို ဓမ္မဒါန ပြုခဲ့သော အစ်ကို ကိုနိုင် (နေစိုးနိုင်-ပေးဆပ်သူ(www.naysoenaing.com))အား အထူးကျေးဇူးတင် ဂါရ၀ပြုအပ်ပါသည်)

Sunday, June 14, 2009

ကျနော်ဖတ်ဖို့

1 comment
ဘာကိုတန်ဖိုးထားရမလဲ

what people really need is not wealth.
လူမှာ တကယ် လိုအပ်တာက ပစ္စည်းဥစ္စာမဟုတ်ဘူး။
“မရှိရင်ကောင်းတယ်”လို့ ပြောတာမဟုတ်ဘူးနော်။ရှိတော့ရှိရမယ်။ ဒါပေမယ့် really need လို့သုံးထားတယ်နော်။ Really need ဆိုတာ တကယ်လိုအပ်တာကို ပြောတာ။

what people really need is not wealth, comfort or esteem but values worth living.
လူတွေမှာ တကယ်လိုအပ်တာက ပစ္စည်းဥစ္စာ wealth လည်းမဟုတ်ဘူး၊ စည်းစိမ်ရှိရှိနေဖို့ comfort လည်းမဟုတ်ဘူး။ esteem ဆိုတဲ့ သူများ ကိုယ့်ကို အထင်ကြီးဖို့လည်း မဟုတ်ဘူးတဲ့။ တကယ်လိုအပ်တာက ဂုဏ်လည်းမဟုတ်ဘူး၊ တန်ဖိုးထားပြီး နေသွားရမယ့် တန်ဖိုးထားစရာ ဖြစ်နေတယ်။ တန်ဖိုးထားစရာဆိုတာ ဥပမာ -စိတ်ငြိမ်းချမ်းတာ၊ အသိဥာဏ်နက်နဲတာ၊ ကိုယ်ကျင့်သီလရှိတာမျိုးကို ဆိုလိုတယ်။

He who cannot find a value worth living is apt to fall prey to boredom.
boredom ဆိုတာ ပျင်းနေတာ။ အလုပ် မလုပ်တာကို ပြောတာမဟုတ်ဘူးနော်။ အလုပ်ကို လုပ်နေပေမယ့်လည်း ဒီအလုပ်ကို သိပ်စိတ်မ၀င်စားဘူး။ အလုပ်ကို စိတ်မ၀င်စားဘဲနဲ့ လုပ်နေတဲ့သူတွေ အများကြီးရှိတယ်။ ဒီအလုပ်ထဲမှာ စိတ်ဝင်စားမှုနဲတယ်။ ကျေနပ်မှုလည်း သိပ်မရဘူး။ သူ့စိတ်ထဲမှာ ပြင်းပြတဲ့ စိတ်အားထက်သန်မှု Motivation မရှိဘူး။

Lack of direction, ဆိုတာဦးတည်ချက်မရှိဘူး ဖြစ်နေတယ်။ တစ်နေ့လာ နံနက်အိပ်ရာထ၊ စား ၊သောက် ၊အလုပ် ဌာနကိုသွား၊ တစ်နေကုန် အလုပ်လုပ်၊(မလုပ်လို့လည်း မဖြစ်ဘူးနော်၊ ပိုက်ဆံလိုချင်တာကိုး) အလုပ်လုပ်ပြီးတော့ အိမ်ပြန်လာ၊ စားသောက်၊ ပြီးတော့အိပ်။ ဒါဟာ routine လုပ်ရိုးလုပ်စဉ် ဖြစ်နေတာပဲ။ ဒီroutine ဖြစ်နေတာ ကြာလာတဲ့အခါမှာ လူဟာစက်ရုပ်ကြီး ဖြစ်ပြီးတော့ သိပ်မပျော်တော့ဘူး။

boredom is paralysis of the will.
ဒီလို ပျင်းတယ်ဆိုတာဟာ သူ့ရဲ့ ပြင်းပြတဲ့ဆန္ဒကို လေဖြတ်ခံရသလို ဖြစ်သွားတယ်။ လူဟာ လေဖြတ်သွားရင် ခြေမသန် လက်မသန် ဖြစ်သွားသလို အဲဒီ boredom ဆိုတာ ဖြစ်လာလို့ရှိရင် ပြင်းပြတဲ့ဆန္ဒ သူ့မှာမရှိတော့ဘူး။ ဘာမှလုပ်ချင်ကိုင်ချင်တဲ့စိတ် မရှိတော့ဘူး။ လုပ်နေကျမို့သာ လုပ်နေရတာ၊ စိတ်ဝင်စားမှု မရှိတော့ဘူး။
a failure of the appetite,တောင်တမှု မရှိတော့ဘူး။
total disenchantment,လုံးဝ ကြည်လင်မှု၊ ရွှင်လန်းမှု၊ စိတ်ဝင်စားမှု မရှိတော့ဘူး။

ဘ၀ကို အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ် နေချင်တယ်ဆိုရင် သက်သက်သာသာ မနေပါနဲ့။ ကြိုးစားပါ။ အရည်အချင်း ကိုများများထုတ်ပါ။ မလုပ်ဘူးသေးတဲ့ အလုပ်တွေကို ပိုပို ပိုပိုပြီးလုပ်ရမယ်။ စားဝတ်နေရေး၊ဘာသာရေး၊တိုင်းရေး ပြည်ရေး၊ လူမူရေးနဲ့ပတ်သက်ပြီး အကုန်လုံးလုပ်ရမှာတွေပဲနော်။

ဆရာတော်ဦးဇောတိက ရဲ့ “လမ်းပျောက်ရာမှလမ်းမှန်ပေါ်ရောက်လာသူ” မှကြိုက်နှစ်သက်တဲ့ စကားစုလေးတွေပါ။
လေးစားလျက်

Wednesday, June 10, 2009

တကယ်မသေခင်အစမ်းသေကြည့်ရအောင်

3 comment
ဒီဘ၀ဒီခန္ဒာနဲ့ သံသရာဝဋ်ဇာတ် အမြစ်ပြတ်အောင် အားမထုတ်နိုင်သေးဘူးဆိုရင်တော့ သေလွန်ပြီးတဲ့နောက်
ကောင်းရားသုဂတိရောက်ဖို့ကိစ္စကို အရေးတကြီး ထည့်သွင်းစဉ်စားရပါဦးမယ်။

သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊အရိယာပုဂ္ဂိုလ်များကတော့ ကောင်းရာသုဂတိရောက်ဖို့ သေချာပြီးသားပါ။
အောက်ဆုံးအရိယာဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားပြီဆိုရင်ပဲ အပါယ်လေးပါးဆိုတဲ့ မကောင်းရာဒုဂ္ဂတိကို
လုံးဝမရောက်နိုင်တော့ပါဘူး။

သောတာပန်ပုဂ္ဂိုလ် သေလွန်ခါနီးမှာ အပါယ်လေးပါးကျရောက်သွားစေနိုင်တဲ့ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်
မလာနိုင်တော့ပါဘူး။သောတာပန်မှ မဖြစ်သေးဘူးဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပုထုဇဉ်ပဲဖြစ်ဖြစ်၊ဘယ်
လောက်အဆင့်မြင့်တဲ့သူတော်စင်ပဲဖြစ်ဖြစ်အကြောင်းမတော်ရင် အာရုံဆိုး၊ နိမိတ်ဆိုးတွေထင်မြင်လာပြီးအပါယ်
လေးပါး ကျရောက်သွားနိုင်ပါတယ်။

တကယ်သေလွန်ခါနီးအချိန်မှာအာရုံဆိုး၊ နိမိတ်ဆိုးတွေထင်မြင်မလာဖို့အတွက်မသေခင်ကတည်းကကြိုတင်ပြင်
ဆင်ထားဖို့လိုအပ်ပါတယ်။အသေကြီးကိုရင်ဆိုင်ဖို့အတွက် အသေလေးနဲ့လေ့ကျင်ထားရပါမယ်။

“အသေကြီးဆိုတာ”ဘ၀တစ်ခုလုံးရဲ့နောက်ဆုံးအပြီးအပြတ်သေလွန်ခြင်းကိုပြောတာပါ။တကယ်သေသွားတာကို
ပြောတာပါ။ “အသေလေးဆိုတာ”ကတော့ ဘ၀တစ်နေ့တာရဲ့နောက်ဆုံး အိပ်စက်ခြင်းကိုပြောတာပါ။ တဒင်္ဂ၊တစ်ခဏသေသလိုဖြစ်သွားတာကိုပြောတာပါ။ အသေကြီးဆိုတာ မနိုးသောအိပ်စက်ခြင်းဖြစ်ပြီး အသေလေးဆိုတာ နိုး သောအိပ်စက်ခြင်းဖြစ်ပါတယ်။

မနိုးသောအိပ်စက်ခြင်းနဲ့အိပ်စက်ခါနီးအချိန်မှာအကောင်းဆုံးအနေအထားဖြစ်နေဖို့အတွက်နိုးသောအိပ်စက်ခြင်း
နဲ့အိပ်စက်ခါနီးအချိန်ကိုအကောင်းဆုံးအနေအထားဖြစ်အောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ အသေကြီးနဲ့သေ
ခါနီးအချိန်မှာအာရုံကောင်း၊နိမိတ်ကောင်းတွေထင်မြင်နေဖို့အတွက်အသေလေးနဲ့သေခါနီးအချိန်ကိုအာရုံကောင်း
နိမိတ်ကောင်းတွေနဲ့ ထုံမွမ်းပေးထားရပါမယ်။

ညအိပ်စက်တာဟာအသေလေးနဲ့သေတာပါ။ညအိပ်တော့မယ်လို့မျက်စိမှိတ်လိုက်တာနဲ့တစ်ပြိုင်နက်အာရုံကောင်း
တွေ၊ကုသိုလ်အာရုံတွေပဲထင်မြင်နေစေရပါမယ်။ကုသိုလ်အာရုံကဒါနအာရုံ၊သီလအာရုံ၊သမထအာရုံ၊၀ိဿနာအာ
ရုံလို့လေးမျိုးရှိပါတယ်။တကယ်သေခါနီးအချိန်မှာဘယ်ကုသိုလ်အာရုံထင်လာမယ်၊ဘယ်ကုသိုလ်ကိုအာရုံယူလို့ရ
မယ်ဆိုတာကြိုတင်မသိနိုင်တဲ့အတွက် အိပ်ခါနီးအချိန်မှာကုသိုလ်အာရုံလေးမျိုးလုံးကို ယူထားရပါမယ်။

စနစ်တကျကြိုတင်လေ့ကျင့်ထားတာတောင်မှတကယ့်တကယ်သေခါနီးကျတော့ဘယ်ကုသိုလ်ကို အာရုံယူရမှန်း
မသိဖြစ်နေတတ်ပါတယ်။ တကယ်လို့သိခဲ့ရင်တောင်မှအင်အားကြီးမားတဲ့အစွဲအလမ်းအာရုံတွေ၊ အတွယ်အတာ
အာရုံတွေရဲ့လွမ်းမိုးမှုကြောင့်ကုသိုလ်အာရုံကိုအာရုံယူဖို့ခက်ခဲနေတတ်ပါတယ်။ဒါကြောင့်ညအိပ်ခါနီးအချိန်ကိုဘ
ဝတစ်သက်တာမှာပြုခဲ့တဲ့ဒါနကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး၊ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမှုတစ်ခုခု
ကိုအာရုံပြုရပါမယ်။

အဲဒီဒါနကောင်းမှုဟာ ငွေကြေးအကုန်အကျအနေနဲ့နည်းချင်လည်းနည်းမယ်၊ များချင်လည်းများမယ်၊လုံးဝမကုန်
ကျဘဲရင်လည်းရှိမယ်။အကုန်အကျအနည်းအများကအဓိကမကျပါဘူး။ကိုယ်တကယ်နှစ်သက်ကျေနပ်ဖို့၊ကိုယ်တ
ကယ်ဝမ်းမြောက်ပီတိဖြစ်ဖို့ကအဓိကပါ။ အကုန်အကျများတိုင်း အကျိုပေးထက်သန်တာမဟုတ်ပါဘူး။ ပီတိအား
ကောင်းမှအကျိုးပေးထက်သန်တာပါ။

ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေအသစ်လဲတဲ့အကျင့် စွဲစွဲမြဲမြဲလုပ်ပေးပါ။ အိပ်ခါနီး(အသေလေးနဲ့
သေခါနီး)ရဲ့အနီးကပ်ဆုံးဒါနကုသိုလ်ဖြစ်လို့ အာရုံယူရတာအလွန်လွယ်ကူပါတယ်။အေးချမ်းမှုနဲ့တစ်နေ့တာကိုအ
ဆုံးသတ်ရတဲ့အတွက် ဘ၀တစ်လျှောက်လုံးအစစအရာရာ အဆင်ပြေပြီးအေးချမ်းရပါလိမ့်မယ်။

သီလကုသိုလ်အနေနဲ့အောက်ထစ်ဆုံးငါးပါးသီလ၊လူဝတ်ကြောင်တိုင်မစောင့်မဖြစ်စောင့်ရမယ့်ငါးပါးသီလကိုဆင်
ခြင်ရပါမယ်။ ဆင်ခြင်လိုက်တဲ့အချိန်မှာငါးပါးသီလလုံခြုံသူ ဖြစ်နေဖို့အတွက်ညအိပ်ရာဝင်ခါနီးတိုင်းငါးပါးသီလအ
သစ်ခံယူတည်ဆောက်ပါ။ ဆောက်တည်ပြီးတဲ့အချိန်ကစပြီးမကျိုးမပေါက်ပါစေနဲ့။ အိပ်တော့မယ်ဆိုတော့လည်း
ကျိုးပေါက်စရာမရှိတော့ပါဘူး။ ဒါဆိုရင်“ငါအခုနောက်ဆုံးငါးပါးသီလယူပြီးတဲ့အချိန်ကစပြီး ငါးပါးသီလလုံခြုံနေပြီ
လို့”၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။

ရှစ်ပါးသီလ၊သာမဏေသီလ၊ရဟန်းသီလကျင့်သုံးနေသူတွေကလည်းကိုယ့်သီလကိုယ်ဆင်ခြင်နှလုံးသွင်းပြီးဝမ်း
မြောက်ဝမ်းသာဖြစ်နေရပါမယ်။ကုစားသင့်တာရှိရင် မအိပ်ခင်ကကြိုတင်ကုစားထားရပါမယ်။

သမထကုသိုလ်အနေနဲ့ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်အကြည်ညှိဆုံး ဘုရားဂုဏ်တော်တစ်ခုခုကိုပွားများပါ။ ဥပမာ၊
အရဟံဂုဏ်တော်ကိုအနှစ်သက်၊အကြည်ညှိဆုံးဆိုရင် “အရဟံ-ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ-ဆိတ်ကွယ်ရာအရပ်၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား၊ အရဟံ-ပူဇော်အထူးကိုခံယူ တော်မူထိုက်သောမြတ်စွားဘုရား၊”လို့အရဟံဂုဏ်တော်ရဲ့အဓိပ္ပာယ်ကို အာရုံထင်မြင်အောင်စိတ်ထဲကနေ နှလုံးသွင်းပွား များရပါမယ်။

ဘုရားဂုဏ်တော်ကိုးပါးလုံးကိုအဓိပ္ပါယ်သိသိပွားနိုင်ဖို့အတွက်မြန်မာလိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလေ့လားထား
ရပါမယ်။ကျက်သင့်တာတွေကိုလည်းကျက်ထားရပါမယ်။

နောက်တစ်ခုသမထအနေနဲ့မေတ္တာဘာဝနာပွားများနေရပါမယ်။အနည်းဆုံး“သတ္တ၀ါအားလုံးချမ်းသာကြပါစေ”လို့ သုံးခေါက်လောက်ပွားများရပါမယ်။ကိုယ်နှစ်သက်ရာ၊ကိုယ်အားသန်ရာမေတ္တာပွားနည်းတွေနဲ့လည်းပွားများနိုင်ပါ တယ်။ဒါနကုသိုလ်၊သီလကုသိုလ်၊သမထကုသိုလ်တွေကိုအစဉ်အတိုင်းအာရုံပြုဝမ်းမြောက်ပြီးပြီဆိုရင် နောက်ဆုံး ၀ိပဿနာကုသိုလ်နဲ့အိပ်လိုက်ပါတော့။

နှာသီးဝလေထိရာအရပ်မှာသတိကပ်ထားပြီးလေ၀င်ရင်“၀င်တယ”်၊လေထွက်ရင်“ထွက်တယ်” ရှုမှတ်ပြီးနေပါ။
ဝင်တိုင်းထွက်တိုင်းသာတစ်ဆက်တည်းသိနေမယ်ဆိုရင်လေးငါးချက်ထက်ပိုမမှတ်ရပါဘူး။ချက်ချင်းအိပ်ပျော်သွား ပါလိမ့်မယ်။ဝင်လေထွက်လေရှုမှတ်ခြင်းဟာအကောင်းဆုံးအိပ်ဆေးပါပဲ။လေ၀င်လေထွက်တိုင်းထိတွေ့တွန်းကန် မှုတွေကိုသိနေမယ်ဆိုရင်လောဘ၊ဒေါသစတဲ့ကိလေသာတွေလည်း ဖြစ်ခွင့်မရတော့ပါဘူး။သမာဓိ၊ဉာဏ်ရင့်သန် ပြီးသားပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင်မှာလေ၀င်လေထွက် မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီးနိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်ပါ တယ်။

ညအိပ်တိုင်းဒါန၊သီလ၊သမထ၊၀ိပဿနာအာရုံနဲ့အိပ်စက်သွားမယ်ဆိုရင်သေလွန်ခါနီးမှာလည်းအဲဒီအာရုံလေးမျိုး တစ်မျိုးမျိုးနဲ့သေလွန်ရမှာသေချာပါတယ်။ ကုသိုလ်အာရုံနဲ့သေလွန်သွားသူကို ကောင်းရာသုဂတိဘုံတွေက သူဦး ကိုယ်ဦးလက်ကမ်းကြိုဆိုနေကြမှာပါ။

ဒါကြောင့်ညအိပ်ရာဝင်၊ခေါင်အုံးပေါ်ခေါင်းချ၊ကျောဆန့်ပြီးတာနဲ့တစ်ပြိုင်နက် “ငါခဏသေလိုက်ဦးမယ်”လို့ကိုယ့် ကိုယ်ကိုစိတ်ထဲကပြောပြီး သေနည်းလေ့ကျင့်ကြဖို့အထူးတိုက်တွန်းလိုက်ပါတယ်။မသေခင်လုပ်ရမယ့်အလုပ်ထဲ မှာသေနည်းလေ့ကျင့်တဲ့အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်းထားရပါမယ်။

ဆရာတော်အရှင်ဆန္ဒာဓိက၏ “မသေခင်ဘာလုပ်ကြမလဲ”စာအုပ်မှာကူးယူဖော်ပြပါသည်။

Monday, June 08, 2009

နွေဦးကံ့ကော်များ

3 comment

လန်းဆန်းတက်ကြွတဲ့ မနက်ခင်းနဲ့အတူ အလုပ်အသွားဘုရားစာရွတ်ရင်း မွှေးပျံ့တဲ့ရနံတို့ အလုံးအရင်းတိုးဝင်မှု ကြောင့်ဘေးဘီကိုကြည့်လိုက်တော့ ကံ့ကော်ပန်းတွေဝေနေအောင်ပွင့်နေလေပြီ။ အိမ်နှင့်မလှမ်းမကမ်းလမ်းတ လျောက်လုံးကံ့ကော်ပင်တွေနဲ့ လမ်းလည်ကျွှန်းကိုအလှဆင်ထားတာပါ။ အပင်ပေါင်း ၂၀လောက်ရှိပါတယ်။ တချို့ အဖူးလေးတွေပဲရှိပါသေးတယ်။ တချို့ကတော့ပွင့်ဖို့အားယူနေကြပါပြီ။ တချို့ဖြူလွှလွှနှင့် ထိန်နေအောင်ပွင့်နေကြ ပါပြီ။ နွေဦးကံ့ကော်များပင်မဟုတ်ပါလား။ သူ့ရနံ့နှင့် မနက်ခင်း တစ်ခုလုံးကို အလှဆင်နေလိုက်ပုံများ ကြည်နှုးဖွယ် အတိဖြစ်ပါသည်။

ကံ့ကော်ပန်းတွေမြင်တော့စိတ်ထဲမှာဆန္ဒတွေဖြစ်မိတယ်။ တစ်ခုက ဘုရားပန်းအဖြစ် လှူချင်တယ်။ နောက်တစ်ခုက အလှဆင်ဖို့ရောင်းချချင်တယ်။ နောက်တစ်ခုကတော့ အမေ့သနပ်ခါးထဲမှာ ထည့်လိမ်းဖို့ အခြောက်ခံထားချင်တယ်။ ပထမဆုံး စဉ်းစားမိတာသူရဲ့အသုံးဝင်မှုနဲ့ တန်ဖိုးပေါ့။ သူ့ရဲ့အရည်အသွေးနဲ့ အရည်အချင်းတွေကို အပင်ထက်မှာ သာအသုံးချနေရင်တော့ ဘာတန်ဖိုးမှရှိမှာမဟုတ်ပါဘူး။ အပင်မှာထက် ဘုရားစင်မှာသာဆိုရင် သူ့ရနံ့က ရိုးရိုးရနံ့ တင်မဟုတ်ဘဲကုသိုလ်ရနံ့တွေပါရောယှက်နေတဲ့အတွက် မူလတန်ဖိုးထက် ပိုမိုသာလွန်နေမှာပါပဲ။ အပင်မှာထက် ဈေးဆိုင်တန်းမှာဆိုရင် သူတန်ဖိုးဟာရောင်းသူနဲ့ ၀ယ်သူကြားညီမျှနဲ့ တန်ဖိုးတစ်ခုတော့ ရရှိမှာအမှန်ပါပဲ။ပုံသဏ္ဌာန် ပြောင်းလို့သူ့ရနံ့နဲ့ အသုံးဝင်နေဦးမယ်ဆိုရင် ကြည်နှုးစိတ်နဲ့အတူ သူ့တန်ဖိုးကို တသသ ဖြစ်နေဦးမှာ မလွဲပါဘူး။

နောက်တစ်ခုစဉ်းစားမိတာကနေရာပါ။ မြန်မာပြည်မှာသာဆိုရင်တော်တော်အဖိုးတန်ပါတယ်။ တစ်ပွင့်ကိုဈေးကြီး ပေးဝယ်ရပါတယ်။ဒီမှာတော့ အလကားရတောင်ဘယ်သူမှမယူပါဘူး။ နေရာမှားရင်၊ အသုံးမချတတ်ရင်လည်းသူ့ တန်ဖိုးကဘာမှမရှိတော့ပါဘူး။ ကံ့ကော်ပင်တွေကိုကြည့်ရင်းစိတ်ထဲမှာ နှမျောသတဖြစ်ရပါတယ်။ ရဲကြောက်တာ နဲ့မခူးရဲပါဘူး။ ညမှပန်းအိုးထိုးဖို့ ၂ခိုင်၃ခိုင်ခူးလိုက်ပါသေးတယ်။ နွမ်းနေပြီဗျာ။

အလုပ်ကပြန်တော့ ဓါတ်ဆီနံ့တွေဒီဇယ်နံ့တွေကြား တစ်ချက်ချက်ကံ့ကော်နံ့သင်းသင်းလေးတွေ အလုအယှက် ရူကြည့်ရပါသေးတယ်။ ညနေအပြန်ဆိုတော့မိုးချုပ်တော့မယ်လေ။တစ်နေ့လုံးအစွမ်းကုန်ပွင့်ထားသမျှ နေအထိ၊ လေအညှိမှာတွန့်လိမ်နွမ်းခြောက်လို့ တစ်ချို့ကြွေကျနေပါပြီ။ မြေပြင်တစ်ခုလုံးအစုလိုက်အစုလိုက်အပင်ခြေရင်း မှာသက်ဆင်းကုန်ကြပါပြီ။ ခုလိုမြင်ရတော သံဝေဂကဗျာကိုသတိရမိပါတယ်။
“ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်း၊ကွေကင်းနောက်ဆုံးပါတကား
အားအင်ပြည့်တင်း၊ကျန်းမာခြင်း၊နာခြင်းနောက်ဆုံးပါတကား
နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်း၊ အိုခြင်းနောက်ဆုံးပါတကား၊
ဇိဝိန်တင်းလင်း၊သက်ရှင်ခြင်း၊သေခြင်းနောက်ဆုံးပါတကား”ဟူသောသံဝေဂကဗျာပင်ဖြစ်ပါသည်။

ကံ့ကော်ပန်းတွေဖက်ကခံစားကြည့်မိတယ်။ဒီနယ်မြေမှာငါသာလျှင်အမွေးပျံ့ဆုံး၊ပတ်ဝန်းကျင်ကို အလှဆင်နိုင်ဆုံး ဆိုပြီးမာန်ဝင့်နေမိမှာအသေအချာပါပဲ။ မိုးသောက်ယံကနေ အစွမ်းကုန် ပွင့်လန်းလိုက်ချင်စမ်းပါတယ် ။နေဒဏ်လေ ဒဏ်ကိုကြံကြံခံရင်း နေစောင်းမှဖြင့် ပွင့်ဖတ်တွန့်လိမ်စွာ မြေပေါ်သက်ဆင်းလို့ အမှိုက်စာရင်းဝင်ပြီဆိုမှဖြင့်ခက်ရချည့် ရဲ့။ ဒီလိုအဖြစ်မျိုးထက်သန့်သန့်စင်စင် ဘုရားစင်ထက်မှာ ကြွေကျတာမှပိုကောင်းဦးမယ်။ ဒါမှမဟုတ် ပန်သူကိုအလှဆင်အချိန်တန်မှ ကညာပျိုခြေရင်း သက်ဆင်းတာမှ အယုအယခံရဦးမယ်။ ပုံသဏ္ဌာန်အသွင်ပြောင်းလို့အဖေ့ နှာ ခေါင်းရင်းမှာဝပ်ဆင်းတာကမှ ကျေနပ်စရာ ကောင်းဦးမယ်လို့ တွေးတောမိပါတယ်။ နေရာအထားမှားလို့အမှိုက့် ဖြစ်မယ့်အစား ကိုယ့်တတ်နိုင်သမျှ အရည်အချင်း၊ အရည်အသွေး၊အခွင့်အရေးတွေမလွတ်စတမ်း အသုံးချရင်း မိမိ အတွက်ဖြစ်စေ သူတစ်ပါးအတွက် ဖြစ်စေအသုံးချမယ်လို့ ကံ့ကော်ပင်တွေမြင်တိုင်း စိတ်ကူးမိပါသည်။

လေးစားလျက်
ရေတမာ

ကိုယ်တိုင်ရိုက်ထားသောပုံမှာတင်ရန်အခက်အခဲရှိသဖြင့် ဂူဂဲလ်မှရှာဖွေတင်ပြလိုက်ပါသည်။

Saturday, June 06, 2009

Memory အဟောင်းများ

5 comment
၂၀၀၈ ဒီဇင်ဘာလ ၁၉ ရက် ဒေသစံတော်ချိန် ၁၁နာရီ ၅ မိနစ်အချိန်တွင် ဂျီတော့ ပင်လယ်ပြင်အတွင်းလေဖိအားနည်း ရပ်ဝန်းများဖြစ်ပေါ်ခဲ့ပြီး အွန်လိုင်းသူငယ်ချင်းအမည်ရ မုန်တိုင်းသည် မျက်စိ၊လက်ချောင်းဒေသများကို ဖြတ်၍ နှလုံးသားအလယ်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပါသည်။ ထိုသို့တိုက်ခတ်စဉ် မြေပြင်၊လေပြင် Broadband ပြင်သည် တစ်နာရီ (<3 )မိုင်နှုန်းဖြင့်တိုက်ခတ်ခဲ့ပါသည်။ ၂၈ နာရီအတွင်း hi ,asl pls,သူအကြောင်း၊ ကိုယ့်အကြောင်းများ နေရာကွက်ကြား ထစ်ချုန်းရွာခဲ့ပါသည်။

မုန်တိုင်းကာလအတွင်း တိုင်းတာချက်များအရ သံယောဇဉ်မြစ်ရေအနေဖြင့် မေတ္တာမြို့နှင့် သမုဒယမြို့များတွင် ၇၀ နာရီ အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိခ့ပါသည်။ ထိုအတောအတွင်း ဒေါသရေယာဉ်များ၊ သံသယ ရေယာဉ်များနှင့် အမုန်း ရေယာဉ်များ သင့်တော်ရာဆိပ်ကမ်းများတွင် ကျောက်ချရပ်နားထားရန်၊ ပျော်ရွှင်မှု၊ ကြည်နှုးမှုရေယာဉ်များ နံက် ၁၀နာရီမှ ညနေ ၁နာရီ အတွင်းသာ သွားလာရန် သတိပေးတားမြစ်ခဲ့ပါသည်။

ဒီဇင်ဘာနှင့် ဇန်န၀ါရီလလယ်အထိ သံယောဇဉ်မုတ်သုန်လေ အားကောင်းခဲ့၍ ဇန်န၀ါရီလလယ်တွင် ဒေါသလှိုင်းလုံးများ ကြီးထွားခဲ့ပြီး မျက်ရည်မိုးများ နားလည်မှုလွဲခဲ့ကြပါသည်။ ကျန်လများတွင် တိမ်ကင်းစင်၍ ရာသီဥတု သာယာခဲ့ပါသည်။ သင်္ကြန်အပြီး ဘိဂျလိမုန်တိုင်းနှင့်အတူ ဒေါသမုန်တိုင်းသည် နှလုံးသား ကျွန်းပေါ်ဒေသသို့ တိုက်ခတ်ခဲ့ပါသည်။ မုန်တိုင်း တိုက်စဉ် ဖုန်းလိုင်းများဖြတ်တောက်ခြင်း၊ block ခြင်း ၊ invisible လုပ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ စိတ်ဆိုးမပြေမခြင်း သည်းခံ၍စောင့်ဆိုင်းပါရန်။

တစ်ပြည်လုံးအတိုင်းအတာ အနေဖြင့် သာယာသယောင်ရှိပေမယ့် LA မြို့နှင့်အနီးတ၀ိုက်အတွက် ခန့်မှန်းချက်ကတော့ စာမေးပွဲများ၊ သူ့အလုပ်နှင့်သူ ရှုပ်နေမှာဖြစ်ပြီး၊ စလုံးအနီးတ၀ိုက်တွင် အလွမ်းမိုးများ ထစ်ချုန်းရွာပါမည်။ နောက်ရက်များ အတွက်ခန့်မှန်းချက်ကတော့ နှမ်းထွက်ကိုက်မည့်ကိန်း မရှိသေးပါကြောင်း အသိပေးကြေညာအပ်ပါသည်။

(p.s သတိရလို့ပြန်တင်ကြည့်တာပါ)
အားလုံးပျော်ရွင်ပါစေ
ရေတမာ

Thursday, June 04, 2009

စိတ်ကူးထဲက နေ့တစ်ရက်

13 comment

မနက်က မေမေကြီးကိုချွဲပြီး



မမနဲ့ လျှောက်လည်ကြတယ်။



သူက ရေခဲမုန့်သိပ်ကြိုက်တာ။ သူစားတာကြည့်ပြီးပြူံးရသေးတယ်..ကြည့်ပါဦး



စိတ်ပုတ်တယ်။ ပိုက်ဆံအိတ်ကို သဲတွေထဲဖွက်ထားတယ်


စနိုပီရုပ်လေးလည်းဝယ်ပေးလို့ စိတ်လျော့လိုက်တာ...ပျော်လိုက်တာ........



ခွေးလေးနဲ့ အမှတ်တရဓါတ်ပုံရိုက်ပါ့လား ဆိုတော့ မရိုက်ချင် ရိုက်ချင်နဲ့ ရိုက်လိုက်ရသေးတယ်။
ဒါနဲ့ကပွဲကိုခေါ်လို့လိုက်သွားလိုက်တယ်။


ကပွဲမှာတုန်းက ဒီလိုဖြစ်လို့လေ


ရှက်လိုက်တာ ဘာလုပ်ရမှန်းတောင်မသိဘူးတဲ့


ဒီလိုသာ လုပ်ပစ်လိုက်ချင်တော့တယ်ဆိုလို့ မနည်းဆွဲထားရတယ်



ဒါပေမယ့်ကိုသားကြီးဘလော့ကခွေးလေးပေးပြီးနှစ်သိမ့်လိုက်တော့ မြင်တဲ့အတိုင်းပဲ..............
ကျန်တာတွေတောင်မေ့သွားတယ်.......


သူ့ကိုလည်း ချော့သိပ်ခဲ့ရသေးတယ်။



နေလည်ကျတော့ ရာသီဥတုကလည်းပူတာနဲ့ ရေထဲ ဆင်းစိမ်နေလိုက်တယ်...



ရေမိုးချိုးပြီး ဗိုက်ဆာတာနဲ့ စားစရာလိုက်ရှာရတာပေါ့


ဘာဂါနဲ့ Catfi နှစ်ခွက်သောက်ပလိုက်တယ်။


ကောင်မလေးနဲ့ပြဿနာဖြစ်သေးတယ်............


စိတ်ကလည်းတိုလာတာနဲ့ အော်ပလိုက်တယ်....................



အဲဒါနဲ့ ကောင်မလေးလည်း အဲလို စိတ်ကောက်သွားပါလေရော..........


ခွေးလေးထုတ်ပြီး ချော့တော့လည်း.........



အဲလိုမသိချင်ယောင်ဆောင်နေတယ်.....................



ဒီကောင်နဲ့ ချော့တော့မှပဲ စိတ်ဆိုးပြေတော့တယ်


လူလည်းမောသွားတာ ဘလော့ဂင်းတောင်မလုပ်နိုင်တော့ဘူး................


သီချင်းလေးနဲ့ပဲငြိမ့်နေလိုက်တယ်..........လောကကြီးက အေးချမ်းလိုက်တာ..............................



သီချင်းနားထောင်ရင် အိပ်ချင်လာတာနဲ့

/
/
/
/
/
/
/
/
/
/
//
/
/
/
/
/
/





အိပ်လိုက်တာ တချိုးတည်းပဲ

(မှတ်ချက်၊ ။အလုပ်ကစိတ်ဖိစီးမှုတွေ၊ ကျောင်းသင်ခန်းစာတွေနဲ့ ပင်ပန်းနေတဲ့သူငယ်ချင်းတွေ အတ္တမျက်နှာတွေထက် ဖြူစင်တဲ့ ကလေးလေးတွေ မျက်နှာလေးတွေကြည့်ရင်း အပန်းပြေစေဖို့ ရည်ရွယ်ဖန်တီး ထားခြင်းဖြစ်ပါတယ်။ ပုံလေးများကိုတော့ သူများဆီက မျက်ရည်ခံထိုးပြီးတောင်း google မှ အပင်ပန်းခံပြီး ရှာဖွေထားတာပါ။)

အားလုံးပျော်ရွင်ကြည်နှုးကြပါစေ။
ရေတမာ